ဘာကြောင့်သားသမီးရရန် ခက်ခဲနေရတာလဲ…. (၂)

မေး   ။ အိမ်ထောင်ကျပြီး သဘာဝအတိုင်း သားသမီးရရန် မည်ကဲ့သို့ နေထိုင်ရမလဲ။

ဖြေ    ။ အိမ်ထောင်ကျပြီး အနည်းဆုံး ၂ရက်- ၃ ရက်ခြားပြီး တစ်ကြိမ် လင်မယား ဆက်ဆံရပါမည်။

          အဘယ်ကြောင့်ဆိုသော် သုတ်ပိုးကောင်လေးများသည် အမျိုးသမီး၏ ကိုယ်တွင်း၌ ၇၂နာရီကြာသည်အထိ အသက်ရှင်နိုင်သောကြောင့် မမျိုးဥ ကြွေချိန် လွတ်မသွားနိုင်ရန်ဖြစ်ပါသည်။

မေး   ။ မမျိုးဥကြွေချိန်ကို မည်ကဲ့သို့ သိရှိနိုင်ပါသလဲ။

ဖြေ    ။ ရာသီစက်ဝန်း ၂၈ ရက်တစ်ခါတိတိ ကျကျလာသော အမျိုးသမီးများအတွက် မမျိုးဥကြွေချိန်သည် ရာသီ ၁၄ ရက်မြောက် ဝန်းကျင်တွင် ရှိပါသည်။ မမျိုးဥကြွေချိန်တွင် ခံစားရနိုင်သော လက္ခဏာများမှာ-

(က) ဆီးစပ်တစ်ဝိုက်တွင် တင်း၍ တစ်ရက် နှစ်ရက်ခန့် နာနိုင်ခြင်း။ (Ovulation Pain)

(ခ)  သားအိမ်ခေါင်းချွဲ (အဖြူ) အနည်းငယ် ပိုဆင်းခြင်း။

(ဂ) ရံဖန်ရံခါ သွေးစအနည်းငယ်ဆင်းတတ်ခြင်းတို့ဖြင့် သိနိုင်ပါသည်။

 

မေး။ အခြားအထောက်အကူပစ္စည်း၊ စစ်ဆေးချက်များဖြင့် သားဥကြွေချိန်ကို သိနိုင်ပါသလား။

ဖြေ    ။ သိနိုင်ပါသည်။ နည်းပေါင်းများစွာထဲမှ အလွယ်အကူဆုံးနှင့် သက်တောင့်သက်သာစွာဖြင့် အချိန်တိုအတွင်း သိနိုင်သောနည်းလမ်းများမှာ -

(က) LH Test ဆီးထဲတွင် မျိုးဥကြွေခြင်းကို ဖြစ်စေသော ဟော်မုန်း (LH Hormone) ကိုတိုင်းတာခြင်း။

(ခ) အတွင်း အာထရာဆောင်း (Transvaginal Ultrasound) ဖြင့် မမျိုးဥအရွယ်အစားကို တိုင်းတာ၍ မမျိုးဥကြွေနိုင်သော အရွယ်ပမာဏရှိသည့် မျိုးဥကို ရှာဖွေခြင်း။

 

မေး   ။ LH Test ကို မည်သည့်အချိန်မှစ၍ ဘယ်နှစ်ရက်ကြာသည်အထိ တိုင်းတာရမလဲ။

ဖြေ    ။ ပုံမှန်ရာသီစက်ဝိုင်းရှိသော အမျိုးသမီးများတွင် ရာသီ ၁၂ ရက်မြောက်မှစ၍ ၅ ရက်တိုင်တိုင် မနက်တိုင်း LH Test ကို စစ်ဆေးရပါမည်။

(မျဉ်းနှစ်ကြောင်းထင်းထင်းပေါ်ပါက နောက် ၂၄ နာရီမှ ၃၆ နာရီတွင် မမျိုးဥကြွေတော့မည်ဟု ညွှန်းဆိုနိုင်ပါသည်။ (ထိုရက်များတွင် ဆက်ဆံရပါမည်။)

မေး   ။ အတွင် အာထရာဆောင်း (TVS) ကို ဆက်ရိုက်ဖို့လိုပါသလား။

ဖြေ    ။ လိုပါသည်။ အဘယ့်ကြောင့်ဆိုသော် LH Test သည် ရာနှုန်းပြည့်စိတ်မချရဘဲ False(+), False(-) များဖြစ်တတ်သောကြောင့် LH Test နှင့် အတူပို၍ သေချာအောင် အတွင်းအာထရာဆောင်းဖြင့် မမျိုးဥကြွေနိုင်သော အရွယ်ပမာဏရှိသည့် မမျိုးဥရှိ/မရှိ စစ်ဆေးရပါမည်။

မေး။ တစ်ချိန်တည်းမှ အမျိုးသားဘက်ကကော ဘာတွေစစစ်ဆေးဖို့ လိုအပ်ပါသလဲ။

ဖြေ။ အမျိုးသားဘက်ကလည်း သုတ်ရည်အတွင်း သုတ်ပိုးကောင်များ စံချိန်စံညွှန်းနှင့် အညီ အကောင်အရေအတွက်၊ လှုပ်ရှားမှုပုံပန်းသဏ္ဍန် ပုံမှန်ရှိ/မရှိ ကနဦးစစ်ဆေးထားရပါမည်။

မေး   ။ သုတ်ပိုးစစ်ရမည့် အချိန်နှင့် ရှိရမည့် သတ်မှတ်စံချိန်စံညွှန်းအတွက် ဘာတွေများပါသလဲ။

ဖြေ    ။ အမျိုးသမီးနှင့် အမျိုးသား (၃) ရက်မှ (၅) ရက်မဆက်ဆံဘဲ ဆေးရုံ/ဆေးခန်းတွင်းလာရောက်စစ်ဆေးနိုင်ပါသည်။

WHO - ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၁၀ အရ ရှိရမည့် စံချိန်စံညွှန်းများမှာ

    အကောင်အရေအတွက် အနည်းဆုံး 15 million/ml
    လုပ်ရှားမှု > ၄၀%
    ပုံပန်းသဏ္ဍန် > ၄% ရှိရပါမည်။

ထိုသတ်မှတ်ချက် စံညွှန်းအတိုင်းမရှိဘဲ သုတ်အားနည်းနေပါက အကြောင်းအရင်းကို ရှာဖွေ၍ လိုအပ်သော ကုသမှုများကို အမျိုးသားမှ ဦးစွာခံယူရပါမည်။

 

Download File: