ဘာကြောင့် သားသမီးရရန် ခက်ခဲနေရတာလဲ… (၃)

မေး(၁) - အမျိုးသားများ သုတ်ပိုးစစ်ဆေးရာတွင် ယေဘုယျအားဖြင့် တွေ့ရှိရသည့် သုတ်ပိုးအားနည်းချက်များမှာ ဘာလဲ။

ဖြေ      - သုတ်ပိုးအားနည်းမှု အမျိုးမျိုးမှာ -

(က) သုတ်ပိုးအရေအတွက် ပုံမှန်ထက်နည်းခြင်း (Oligozoospermia)

(ခ) သုတ်ပိုးလှုပ်ရှားမှုအားနည်းခြင်း (Asthenozoospermia)

(ဂ) သုတ်ပိုးပုံပန်းသဏ္ဍန်မူမမှန်ခြင်း (Teratozoospermia)

(ဃ) သုတ်ရည်အတွင်း သွေးဖြူဥများလွန်းနေခြင်း (Leucocytospermia)

မေး(၂) - မည်ကဲ့သို့သော အမျိုးသားများတွင် သုက်ပိုးအားနည်းနေတတ်သလဲ။

ဖြေ      - ယေဘုယျအားဖြင့်

(က) အသက် ၃၅ နှစ်နှင့် အထက်တွင် သုတ်ပိုးစတင်အားနည်းနေနိုင်ပါသည်။

(ခ) ဆေးလိပ်သောက်သူများ

(ဂ) အရက်အလွန်အကျွံသောက်သုံးသူများ

(ဃ) ဆီးချို၊ သွေးချိုရောဂါ ရှိသူများ

(င) အမျိုးသားအင်္ဂါ ဆိုင်ရာပြဿနာများ

- အူကျခြင်း (Herina)

- ရေမုတ် (Hydrocele)

- ကပ်ပယ်အိတ် သွေးကြောထုံးခြင်း (Varicocele)

- ၎င်းရောဂါများအတွက် ခွဲစိတ်ကုသမှုခံယူခဲ့သူများ

- ကပ်ပယ်အိတ် (ဝှေးစေ့) ရောင်ရမ်းခြင်း (Orchitis – Bacterial, Viral)

- ထိခိုက်ဒဏ်ရာရဖူးခြင်း (Trauma)

- အမျိုးသားအင်္ဂါတစ်ဝိုက် အပူချိန်များခြင်း (ရေပူရေနွေးချိုးခြင်း)၊ အပူချိန်များသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ရခြင်း

(င) ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် ထိတွေ့နေရခြင်း (Environmental Pollution)

- အစားအသောက်များ (ဓါတ်မြေသြဇာ၊ ဓါတုဗေဒ ပစ္စည်းများကို ကိုင်တွယ်
ထိတွေ့နေရခြင်း)

(စ) မျိုးဗီဇဆိုင်ရာချို့ယွင်းချက်ကြောင့် သုတ်ပိုးအားနည်းခြင်း (Klinefelter Syndrome)၊ သုတ်ပိုး မရှိခြင်း (Y – Chromosome Microdeletion)

(ဆ) ကျန်းမာသော နေထိုင်မှုပုံစံမရှိခြင်း (Healthy Life Style)၊

- အိပ်ရေးပျက်ခြင်း၊

- ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

- အလုပ်ဖိစီးမှုများခြင်း စိတ်ဖိစီးမှုများခြင်း

- အာဟာရဖြစ်အောင် မျှတသော စားသောက်မှုပုံစံ (Balanced Diet) မရှိခြင်း

- ဆေးလိပ်သောက်သုံးခြင်း၊ အရက်အများအပြားသောက်ခြင်း၊

- ကွန်ပြူတာကြာရှည်စွာအသုံးပြုခြင်း။

- လက်ကိုင်ဖုန်း ခါးတွင်ချိတ်ခြင်း စသည်ဖြင့်

မေး(၃) - အမျိုးသားများ သုတ်ပိုးအားနည်းခြင်းသည် သားသမီးမရခြင်းအကြောင်းအရင်း အားလုံး၏ မည်မျှရှိပါသလဲ။

ဖြေ - ၃၅ % ရှိပါသည်။ (ဇနီးမောင်နှံ ၃ စုံတွဲလျှင် တစ်စုံတွဲမှာ အမျိုးသားဘက်က ချို့ယွင်းမှုကြောင့်ဖြစ်ပါသည်။)

မေး (၄) - အမျိုးသားများ သုတ်ပိုးအားနည်းခြင်းကို မည်ကဲ့သို့ ကုသမှုခံယူရမည်နည်း။

ဖြေ - အောက်ပါအတိုင်း ကုသမှုခံယူနိုင်ပါသည်။

(က) ကျန်းမာသော နေထိုင်မှုပုံစံဖြင့် နေထိုင်ခြင်း (Healthy Life Style)

အာဟာရမျှတစွာစားသုံးခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်၍ ခန္ဓာကိုယ်အလေးချိန် မျှတအောင်ထိန်းခြင်း။ ဆေးလိပ်ဖြတ်ခြင်း အရက်ဖြတ်/ လျှော့သောက်ခြင်း၊

ဆီးချို၊ သွေးချို ရောဂါကို ကောင်းစွာ ထိန်းချုပ်ကုသခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း စသည်ဖြင့်

(ခ) လိုအပ်သောဆေးဝါးကုသမှု (Medical Treatment) ခံယူခြင်း၊

အမျိုးသားမျိုးပွားအင်္ဂါလမ်းကြောင်း တစ်လျှောက်၊ ရောဂါပိုးဝင်ရောက်ခြင်းကို ပဋိဇီဝဆေးများ (Antibiotic) သောက်သုံးခြင်း ဆီးကျိတ်/သုတ်ကြောတစ်လျှောက် ဂလင်းများ ရောင်ရမ်းခြင်းအတွက် အရောင်ကျဆေးသောက်သုံးခြင်း Oxidation (ဓါတ်တိုးခြင်း) ကြောင့် ဖြစ်ပေါ်လာသည့် အဆိပ်အတောက်များကို ချေဖျက်ရန်အတွက် Antioxidants (ဆန့်ကျင်ဓါတ်တိုးပစ္စည်းများ) ပေါ်များစွာပါသော Vitamin Supplements များ၊ အားဆေးများ သောက်သုံးခြင်း စသည်ဖြင့်

(ဂ) ဟော်မုန်းဆေးဖြင့်ကုသခြင်း

ဤနေရာတွင် အထူးသတိပြုရန အချက်မှာ ပြင်ပမှ အမျိုးသား ဟော်မုန်း (တတ်စထရိုစတီရုန်း) စား/ထိုးဆေး ပေးခြင်းကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ရပါမည်။ ကိုယ်တွင်းမှ ဖြစ်သော ယောကျာ်းဟော်မုန်း တတ်စထရိုစတီရုန်းကို အားပေးသော ထိန်းချုပ်ဟော်မုန်းများကိုသာပေးရပါမည်။ (ပြင်ပ တတ်စထရိုစတီရုန်းကို ပေးခြင်း ကြောင့် သုတ်ပိုးဖြစ်တည်မှုပို၍ ဆုတ်ယုတ်စေပါသည်။)

မေး(၅) - ထိုသို့ ကုသမှုခံယူပြီး မည်သည့်အချိန်တွင် ပြန်လည်စစ်ဆေးရပါမလဲ။

ဖြေ - ကုသမှုခံယူဆဲ အနည်းဆုံး (၁) လမှ (၃)လကြာ သုတ်ပိုးပြန်လည်စစ်ဆေးရပါ မည်။ သုတ်ပိုးများ၏ ဘဝဖြစ်စဉ်မှာ ရက်ပေါင်း ၇၀ ခန့်ကြာမြင့်သောကြောင့် ဖြစ်သည်။)

မေး(၆) (၁)လမှ (၃)လကြာ သုတ်ပိုးပြန်စစ်ဆေးသော်လည်း ဆက်လက်၍ အားနည်း နေပါက မည်ကဲ့သို့ပြုလုပ်ရမလဲ။

ဖြေ - သုတ်ပိုးကောင်လေးများက အရေအတွက်၊ လှုပ်ရှားမှုပေါ်မူတည်၍ (အမျိုးသမီး ဘက်မှ ချို့ယွင်းမှုမရှိပါက) တစ်ဆင့်တတ်၍ ART (Assisted Reproductive Technique) သုတ်ပိုးထည့်ပေးခြင်း(IUI)၊ ဖန်ပြွန်သန္ဓေသားနည်း (IVF/ICSI) စသည့် နည်းများဖြင့် အကူအညီရယူရပါမည်။